မိုင်းဆတ်မြို့၌ ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မိုင်းဆတ် ၁၀  မတ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်(၂)ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်ကား လမ်းပေါ်မှ ကားတစ်စီးပေါ်တွင် ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား မတ် ၈ ရက်က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဆတ်မူးယစ်တပ်ဖွဲ့စု(၂၉)မှ တပ်ဖွဲ့စုမှူးရဲမှူးဝင်းဇော် ဦးစီးသောပူးပေါင်းအဖွဲ့သည် မတ် ၈ ရက် ညနေ ၅ နာရီခွဲက မိုင်းဆတ်မြို့နယ်၊ စတုန်းကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်တွင် ရှောင်တခင်ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မော်တော်ယာဉ်တစ်စီးသည်စစ်ဆေးနေသည့်နေရာမှကိုက်(၄၀ဝ) အကွာ၌ ယာဉ်အားရပ်တန့်ပြီး ယာဉ်မောင်းမှာ ကားလမ်းဘေးရှိ လျှိုအတွင်း ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်အားသွားရောက်စစ်ဆေးရာ TOYOTA-REVO အမျိုးအစား အနက်ရောင်ယာဉ်၏နောက်ခန်းအတွင်းရှိ ဆာလာအိတ် ၁၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် သိန်း ၂၀ (အလေးချိန်၂၀ဝ ကီလိုဂရမ်)၊ တန်ဖိုးကျပ် သိန်းနှစ်သောင်းခန့်အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများအားသက်သေများနှင့် အတူရှာဖွေတွေ့ရှိသိမ်းဆည်း၍ ထွက်ပြေးတိမ်းရှောင်သူ(အမည်စုံစမ်းဆဲ) ယာဉ်မောင်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း