မြိုင်ကြီးငူနှင့် ကမမောင်းမြို့ရှိ တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား/ကျောင်းသူများအား ဆန်၊ ဆီနှင့် ပညာသင်စရိတ်များထောက်ပံ့

ဘားအံ မေ ၃၁

ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့ရှိ ကျေးရွာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် မြိုင်ကြီးငူ အထူးဒေသနှင့် ကမမောင်းမြို့တို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေသော တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီနှင့် ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်သည့် အခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက မြိုင်ကြီးငူ အေးလင်သာယာကျောက်စာကွင်းနှင့် ရွှေမြတ်မျိုးကြွယ်(အုန်းတော) ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နေအိမ်အလုပ်အကိုင်များကိုစွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်ကြရသည့်အတွက် မိသားစုများစွာ အခက်အခဲဖြစ်ကြရပြီး လူငယ်၊ လူရွယ်များ ပညာသင်ကြားခွင့်ကို ထိခိုက်ဆုံးရှုံးရသည့်အတွက် တိုက်ပွဲရှောင်ရာဒေသများတွင် ပညာဆက်လက်သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များကို တတ်အားသရွေ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အေးချမ်းစွာဖြင့် မိမိတို့နေထိုင်ရာ ရပ်ရွာအသီးသီးသို့ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး၊ သားငယ်၊ သမီးငယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေပျော်၍ စာတော်သော ကလေးငယ်များဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးဥက္ကဋ္ဌတို့က မြိုင်ကြီးငူ တိုက်ပွဲရှောင်စခန်းနှင့် ဆွေမျိုးများနေအိမ်တွင် ယာယီတိမ်းရှောင် ရောက်ရှိနေသော အိမ်ထောင်စု(၃၇၃)စု၊ လူဦးရေ(၁၉၂၀)အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တစ်ပတ်စာ ဆန်ရိက္ခာ (၁၄၀)အိတ်နှင့် ဆီ ၁၈၆ ဒသမ ၅ ပိဿာ၊ ကျောင်းသား၊ ကျောင်းသူ ၂၅၈ ဦးအတွက် ပညာသင်စရိတ် ကျပ် ၃၀၁၅၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုက်ပွဲရှောင် မိသားစုဝင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အလားတူ ကမမောင်းမြို့ တိုင်ပွဲရှောင်စခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ရွှေမြတ်မျိုးကြွယ်(အုန်းတော) ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားများပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၆၆၈)စု၊ လူဦးရေ(၂၉၄၇)ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တစ်ပတ်စာရိက္ခာဆန် (၂၁၅)အိတ်၊ ဆီ(၃၃၄)ပိဿာ၊ အခြေခံပညာ (ထက်၊ လယ်၊ မူ)ကျောင်းသား၊ ကျောင်းသူ ၅၇၀ ဦးအတွက် ပညာသင်စရိတ် ကျပ် ၆၆၃၅၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ တိုက်ပွဲရှောင်မိသားစုများ၏ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)