မိုင်းဖြတ်မြို့နယ် ခက်တန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ် မေ ၁

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်နေသော ခက်တန်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင်  တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အရှည်ပေ ၃၅၀၊ အကျယ် ၁၀ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း  သိရသည်။

 

ခက်တန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က  အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် စီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၅၅ သိန်း၊ ပြည်သူထည့်ဝင်ငွေ ၂၂ သိန်း၊ စုစုပေါင်း ၇၇ သိန်း  အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏  နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်နေ့မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဧပြီ ၃၀ ရက်အထိ လုပ်ငန်းများအားလုံး ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ ထုတ်ကုန်ထွက်ကုန်များကို ဈေးကွက်သို့ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဒေါ်ခင်မေလွင် က ပြောပြခဲ့သည်။

 

ဇင်မာ