မိုင်းဖြတ်၌ Access to Health Fund Board ရန်ပုံငွေအဖွဲ့ ကျန်းမာရေးစီမံကိန်းလုပ်ငန်းများ ပိုမိုထိရောက်စွာ အောင်မြင်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မိုင်းဖြတ်   ၃  အောက်တိုဘာ

           

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Access to Health Fund ရန်ပုံငွေအဖွဲ့မှ Mr.Orenn Ginzburg (Fund Director UNOPS-3MDG Fund) နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်(ရုံးချုပ်) ရောဂါနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသန္တာလွင်နှင့်အဖွဲ့သည် အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ကျန်းမာရေးစီမံကိန်းလုပ်ငန်းများ  ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ဦးအားကို၊   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  ဝန်ထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

           

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ သန္တာလွင်က အဖွင့်အမှာစကား ပြောကြားပြီး Access to Health Fund ရန်ပုံငွေအဖွဲ့မှ Mr.Orenn Ginzburg  Fund Director၊ Mr.Anders Frankenbergနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများ၊ ဝေးလံခေါင်ဖျားဒေသများရှိ ကျန်းမာရေးလုပ်ငန်းများ စောင့်ရှောင်ပေးနေမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်က မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများ၊ ဆေးရုံဆေးခန်းများ ဖွင့်လှစ်ထားရှိနိုင်မှုများနှင့် ဒေသအတွင်း လိုအပ်ချက်များ၊ အခက်အခဲများကို ပရိုဂျက်တာဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

           

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက မြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များ ပါဝင်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မြို့နယ် ပြည်သူ့ဆေးရုံးတွင် ဆေးဝါးကုသမှုခံယူနေသော လူနာအရေအတွက် များပြားလာသည့်နှင့်အမျှ  (၂၅)ခုတင်ဆံ့မှ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ မြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရီးစရိတ်များ လုံလောက်မှုမရှိသည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ သုံးစွဲမှုများ ပပျောက်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုနှင့်  အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ  Access to Health Fund ရန်ပုံငွေအဖွဲ့မှ ဆွေးနွေးချက်များအပါ်  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းခြင်းနှင့် ဒေသအတွင်း လိုအပ်လျက်ရှိသည့် ကျန်းမာရေး အခြေအနေများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီးနောက် အဆိုပါ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

           

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်နှင့် မိုင်းဖြတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်း တာဝန်ထမ်း ဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ရွာလူကြီးများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

           

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ သန္တာလွင်က အမှာစကား ပြောကြားသည်။ ထို့နောက် မိုင်းဟဲကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးစိုးဝင်းက ကျေးရွာအုပ်စုအတွင်း ကျန်းမာရေးလုပ် ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာအုပ်စုအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများက ဒေသအတွင်း နေထိုင်သွားလာမှု အခက်အခဲများ ဘာသာစကားမသိ နားမလည်ခြင်းကြောင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခက်အခဲများ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများ၊ ကျေရွာများတွင် မူးယစ်ဆေးသုံးစွဲနေမှု ပြဿနာအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ ရပ်မိရပ်ဖများက ဒေသခံလူငယ်များအတွက် မူးယစ်ဆေးဝါးဆေးဖြတ်စခန်း ဆောင်ရွက်နေမှုအခြေအနေများ မိမိတို့ကျေးရွာအုပ်စုအတွင်း ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

           

ဆက်လက်၍ Mr.Orenn Ginzburgက နိဂုံးချုပ် အမှာစကားပြောကြားရာ ဒေသအသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများက မိမိတို့ဒေသမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ မြေပြင်အခြေအနေများကို လာရောက်တွေ့ဆုံ ဖြေကြားပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊  ယခုလာရောက်ခြင်းသည် ဒေသအတွင်း ကျန်းမာရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် ဒေသခံများ၏ လိုအပ်ချက်များကို စစ်တမ်းကောက် ယူခြင်းဖြစ်ပေါကြောင်း၊ တင်ပြချက်အား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တွင် ပြုလုပ်မည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ အမှန်တကယ်လိုအပ်သည့် ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

မြို့နယ် (ပြန်/ဆက်)

 

1