မိုင်းပန်မြို့နယ်တွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဥပဒေ/နည်းဥပဒေ အသိပညာပေးဆွေးနွေး  

မိုင်းပန် ဇန်နဝါရီ ၁၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသည့် ကျေးလက်နေတောင်သူလယ်သမားများ၊ အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ/နည်းဥပဒေပါ လုပ်ပိုင်ခွင့်ရရှိသူများ လိုက်နာရမည့်စည်းကမ်းများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ပန်ခန်းမ၌ ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မိုင်းပန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးတင်ကိုလတ်မှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ/နည်းဥပဒေပါ လုပ်ပိုင်ခွင့်ရရှိသူများ လိုက်နာရမည့်စည်းကမ်းများအား မြန်မာဘာသာဖြင့်လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဦးခွန်ကျော်စိုးဝင်းမှ ရှမ်းဘာသာဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

နော်မှိုင်း(ပြန်/ဆက်)