မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

မိုင်းရှူး ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ဝမ်ပိန်း၊ ဟွေမုံ၊ ဝမ်နားခါး၊ နောင်အော့၊ ဟိုင်းဟွမ် ကျေးရွာငါးရွာ၌ ၂၀၂၁-၂၀၂၂ ခုဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာကွန်ကရစ်လမ်း၊ ကျောက်ချောလမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းရှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဝမ်ပိန်းကျေးရွာတွင် အရှည် ၈၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ ဟွေမုံကျေးရွာတွင် အရှည် ၁၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ သဲဗြုန်းလမ်းခင်းခြင်းနှင့် ရေပြွန်တံတားသုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဝမ်နားခါးကျေးရွာတွင် အရှည် ၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေပြွန်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ နောင်အော့ကျေးရွာတွင် ၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဟိုင်းဟွမ်ကျေးရွာတွင် သောက်သုံးရေရရှိရေး အရှည် ၃၀၀၀ ပေ ရှိ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၅၀၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ကျပ်သိန်း ၃၀ ကျော်ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအချိန်တွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းရှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဦးထံမှ သိရသည်။

ငြိမ်းသူ