မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစား အကြောင်းအရာများ ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းသန်းလူက စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ရှမ်းဘာသာဖြင့် ဟောပြောပြီး အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အကြောင်းအရာ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ပြသထားသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 

သန်းလူ(ပြန်/ဆက်)