မိုင်းယောင်းမြို့နယ် ဝမ်ဖြိုကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မိုင်းယောင်း   ဇန်နဝါရီ   ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဖြိုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တတိယအပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေ ကျပ်သိန်း ၄၀ စုစုပေါင်း ငွေကျပ်သိန်း ၁၄၀ ဖြင့် အလျား ၄၈ ပေ၊ အနံ ၂၈ ပေ၊ အမြင့် ၁၂ ပေ အရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘက်စုံသုံးခန်းမ၌ ဘာသာရေးပွဲတော်များ၊ အခမ်းအနားများ၊ လူမှုရေးလုပ်ငန်းများ အချိန်းမရွေး ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က ပြောပြသည်။

မိုင်းယောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ဝမ်ဖြိုကျေးရွာအပါအဝင် ဝမ်နားမြတ်၊ နမ့်ကုတ်၊ ရှေခင်၊ ယမ်းမ စသည့်ကျေးရွာ ငါးရွာ၌ ဘက်စုံသုံးခန်းမတစ်ခု တည်ဆောက်ခြင်းနှင့် ကျေးရွာအဝင်၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လေးခု၊ စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း ငါးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သန်းလွင်(မကွေး)