မိုင်းယောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ ၂၇

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ထွေ/အုပ်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့သည်။

 

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအနေဖြင့် မြို့နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ပါ၊ လက်ကို မကြာခဏဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ မိမိတို့နေအိမ်တွင် အသက် (၆၅) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်ထားစေပါ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

 

စိုင်းအောင်ဇော်လင်း