မိုင်းယုဒေသ၌ စီးပွားဖြစ် ဆောင်းသီးနှံ ရွှေဖရုံများ စတင်ပျိုးထောင်

 

မိုင်းယု နိုဝင်ဘာ ၂၂ 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဒေသခံ တောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိသည့် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့ဖြစ်ပြီး စီးပွားဖြစ် ပြောင်းနှင့် ရွှေဖရုံများလည်း ပါဝင်ကာ အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ ရွှေဖရုံများကို စတင်ပျိုးထောင်စိုက်ပျိုးနေပြီ ဖြစ်သည်။

 

ရွှေဖရုံပင်၏ အသက်ရက် (၁၀ဝ) မှ (၁၂၀) အထိ ရှိသောကြောင်း  သက်တမ်း (၄) လအတွင်း ဆီးနှင်းကင်းသော အရပ်ဒေသတွင် စိုက်ပျိုးရန်ပိုကောင်းပြီး နွားချေးမြေသြဇာ တစ်ဧကလျှင် တန် (၂၀) မှ တန်(၃၀) အထိ ထည့်ပေးရန်လိုအပ်ကာ ကျန်ယူရီးယားဓာတ်မြေသြဇာကို ရွှေဖရုံပင်များ ပန်းစပွင့်ချိန် ရွှေဖရုံခင်းအတွင်း ပက်ကြဲပေးရကြောင်း၊ ရွှေဖရုံကို မိုင်းယုဒေသ တွင် မိုးဦးတွင် မေလနှင့်ဇွန်လ၊ ဆောင်းရာသီတွင် အောက်တိုဘာနှင့် နိုဝင်ဘာလတို့၌ စိုက်ပျိုးလျက်ရှိကြောင်း တောင်သူထံမှ သိရသည်။

 

ရွှေဖရုံကို မြေဆီသြဇာ ထက်သန်သည့်မြေကို ကြိုက်နှစ်သက်၍ နုန်းဆန်သော မြေဆီ မြေနီသဲဝန်း၊ နုန်းစနယ်မြေများရှိသည့် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာ အုပ်စုရှိသည့် စိုက်ပျိုးမြေနေရာများတွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယခင်နှစ်စိုက်ဧကမှာ ၁၇၅ ဧကရှိပြီး ပေါက်ဈေးမှာ တစ်ကီလိုလျင် ကျပ်(၂၀၀) ပေါက်ဈေး ရရှိပါကြောင်း သိရသည်။

 

ကိုကိုနိုင်