မိုင်းယုမြို့၌ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

မိုင်းယု မေ ၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရှမ်းတိုင်းရင်းသားတို့၏ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲဖွင့်ပွဲ ဆုပေးပွဲနှင့် အခမ်းအနားပိတ်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်အနီး၊ နမ့်လွေချောင်းအလယ်ရှိ သဲသောင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ အမျိုးသားအသင်းတွင် ပထမဆုကို  အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းအသင်း၊ ဒုတိယဆုကို တာကြန့်အသင်းနှင့် တတိယဆုကို မိုင်းလွေအသင်းတို့က လည်းကောင်း၊ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ အမျိုးသမီးအသင်းတွင် ပထမဆုကို  အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းအသင်း၊ ဒုတိယဆုကို ဒွန်းနွဲ့အသင်းနှင့် တတိယဆုကို တာကြန့်အသင်းတို့က ရရှိကြပြီး ကျန်အသင်းဝင်များအား နှစ်သိမ့်ဆုများ အသီးသီးရရှိကာ ဆုများအား အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး ဇင်ရဲထွေး၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

 

ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို မိမိဒေသရှိ ဒေသခံတိုင်းရင်းသားဘိုးဘွားများ လက်ထက်မှစ၍ လူမှုရေး၊ စီပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စိုက်ပျိုးရေးများ တိုးတက်ကောင်းမွန်စေရန်နှင့် အခြားသဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်မှုမှ ကာကွယ်နိုင်သည့် အယူအဆတို့ဖြင့်  ရိုးရာဓလေ့နတ်များကို ပူဇော်ပသကြပြီး သုံးနှစ်မှတစ်ကြိမ်သာလျှင် ရိုးရာလှေလှော်ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုကိုနိုင်