မိုင်းယုမြို့တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းများ ကျင်းပပြုလုပ်

မိုင်းယု ၁၅ ဇူလိုင်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းများကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါပွဲ၌ မူလတန်းအဆင့်မှ ကလေးငယ် ၂၈ ဦး ပါဝင်ယှဉ်ပြိုင် ကစားကြပြီး ရုပ်ပုံဆေးရောင်ခြယ်ခြင်း၊ အသီးအနှံများနှင့် တိရစ္ဆာန်အမည်အခေါ်အဝေါ်များကို ပြသခြင်း၊ ဂိမ်းကစားခြင်းများနှင့်အတူ ရုပ်ပြပညာပေးပုံပြင်များ ဟောပြောခြင်းများ ပြုလုပ်ပေးခဲ့သည်။


ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေသည့် အတွေးအခေါ်များ၊ အသိအမြင်များ၊ ရဲဝံ့သော သတ္တိများဖြစ်ပေါ်လာစေရေး၊ ကလေးငယ်များ၏ ရင်ထဲတွင် စာကြည့်တိုက်သည် မိမိအိမ်ကဲ့သို့ မိခင်မေတ္တာရင်ငွေ့ပေးနေသကဲ့သို့ ရဲဝံ့စွာ ဝင်ထွက်သွားလာနိုင်သော နေရာတစ်ခုဖြစ်ကြောင်း  သိရှိနားလည်သွားစေရေးစသည့် ရည်ရွယ်ချက်တို့ဖြင့် ယင်းပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က ပြောသည်။


ကိုကိုနိုင်(မိုင်းယု)

 

12