မိုးညှင်းမြို့၌ တစ်နိုင်တစ်ပိုင် ပဲပုတ်ခြောက်လုပ်ငန်းမှ မိသားစုဝင်ငွေများ တိုးပွားလျက်ရှိ

မိုးညှင်း   ဇန်နဝါရီ   ၂၆

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ နတ်ကြီးကုန်း (ရှမ်းပိုင်း) ရပ်ကွက်၌ တစ်နိုင်တစ်ပိုင် ပဲပုတ်ခြောက် လုပ်ငန်းများ ဆောင်ရွက်ရာမှ မိသားစုအတွက် ဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။

 

“ပဲငပိကို တစ်နေကုန် ပြုတ်ရပါတယ်။ ပဲနူးပြီဆိုတဲ့ခါမှ ဆန်ခါနဲ့စစ်ပြီး သုံးညတိတိ အပုတ်ခံထားရပါတယ်။ ပြီးတော့မှ ဆား၊ အချိုမုန့်၊ ငရုတ်နဲ့ ဂျင်းတို့ ထည့်ပြီး ကြိတ်မွှေကာ အချပ်လေးတွေလုပ်ပြီး အခြောက်ခံဖို့ နေလှန်းရပါတယ်။ ခြောက်သွားပြီဆိုမှ ၂၅ ကျပ်သားထုပ်၊ ၅၀ ကျပ်သားထုပ်နဲ့ တစ်ပိဿာထုပ်စတဲ့ အိတ်အရွယ်အစား အမျိုးမျိုးတို့ကို ထုပ်ပိုးပြီးမှ လက်လီလက်ကား ရောင်းချပေးကြောင်း” ပဲပုတ်ခြောက် လုပ်ကိုင်သူ ဒေါ်မြတင်က ပြောပြသည်။

 

ထိုသို့ ပဲပုတ်ခြောက်များ ရောင်းချရာတွင် ပဲပုတ်ခြောက်ရိုးရိုး တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ ဖြင့် လည်းကောင်း၊ ပဲပုတ်ခြောက်ရှယ် တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ ဖြင့် လည်းကောင်း ရောင်းချပေးလျက် ရှိပြီး အဆိုပါ ပဲပုတ်ခြောက်များကို မြို့ပေါ်ရပ်ကွက်များရှိ စျေးဆိုင်များသာမက အခြားသော မြို့နယ်များနှင့် ပြည်ပနိုင်ငံများထိ တင်ပို့ရောင်းချရကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)