မိုးညှင်းနှင့် ဝိုင်းမော်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၇

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ထက်အောင်(ခ)ထက်ထက်အောင် မောင်းနှင်လာသည့် NISSAN AD အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် မြန်မာငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဆန်းလင်း နှင့် မကော့မွန်းတို့၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)