မိုးညှင်းတွင် ဆင်းဧကရီ-၃ စပါး(၁)တင်းလျှင် ကျပ် ၅၅၀၀ ဈေးရရှိသဖြင့် စပါးစိုက်တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း

မိုးညှင်း ၁၈ နိုဝင်ဘာ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ယခုနှစ်မိုးရာသီ စပါးရိတ်သိမ်းချိန်ကာလတွင် ဆင်းဧကရီ -၃ စပါး(၁)လျှင် ကျပ် ၅၅၀၀ ဈေးရရှိသဖြင့် စပါးစိုက်တောင်သူများ အကျိုးအမြတ် ဖြစ်ထွန်းကြောင်း မြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူ ဦးကြီးများထံမှ သိရသည်။

ယခုနှစ် မိုးစပါးရိတ်သိမ်းချိန် အစောပိုင်းကာလအတွင်း ဆင်းဧကရီ-၃ စပါး(၁)တင်း (၂၆ ပေါင်)ကို ကျပ် ၅၂၀၀ ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကျပ် ၅၅၀၀ ဈေးရှိသဖြင့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း မိုးစပါးစိုက်တောင်သူ ဦးသန်းဇော်က ပြောသည်။

“ဒီနှစ်စပါးဈေးက ၅၅၀၀ ဆိုတော့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ မဆိုးဘူးပြောရမယ်၊ မနှစ်က ဒီအချိန်စပါးပေါက်ဈေးက ၅၂၀၀ ပဲရတယ်၊ လယ်(၁)ဧကကို စိုက်ပျိုးရေးသွင်းအားစုတွေနဲ့ လုပ်အားခတွေ ပေါင်းလိုက်ရင် စပါးပေါ်ချိန်အထိ ၂၅၀၀၀၀ လောက်ကုန်တယ်၊ ကျွန်တော့လယ်(၄)ဧကမှာ စပါးတင်း(၄၀၀)လောက် ထွက်တယ်၊ အခု စပါးပေါက်ဈေးနဲ့ဆိုတော့ တစ်ဝက်လောက်တော့ ကျွန်တော့်အတွက် ကျန်တယ်”ဟု ၎င်းက ဆက်ပြောသည်။

မိုးညှင်းမြို့သည် ကချင်ပြည်နယ်အတွင်း စပါးစိုက်ဧက အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၁၃၅၀၅၁ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါစိုက်ဧကများတွင် ဆင်းဧကရီ-၃ စပါးမျိုးကို အများဆုံးစိုက်ပျိုးခဲ့ကြကာ စိုက်ဧက ၁၂၈၃၄၂ အထိ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းဇယားများအရ သိရှိရသည်။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ယခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အစိုဓာတ် (၁၄)ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)ကို ငွေကျပ် ၅၂၀၀၀၀ သတ်မှတ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံသတင်းဌာနများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)