မိုးညှင်းတွင် ရှေ့ပြေးအစုန်တိုက်ကင်းရထား တွဲချော်မှုဖြစ်ပွါး အချိန်တိုအတွင်း ပြုပြင်ဆောင်ရွက်

မိုးညှင်း ၂၉ ဇူလိုင် 


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာဘူတာနှင့်(မြောက်)ကိုက် ၂၀ဝ ခန့် အကွာတွင် ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က နန်းမားဘူတာမှ ထွက်ခွာလာစဉ် ရှေ့ပြေးတိုက်ကင်း အစုန်ရထား တွဲချော်မှုဖြစ်ပွားခဲ့ရာ အချိန်မီပြုပြင်ဆောင်ရွက်နိုင်ခဲ့ကြောင်း မိုးညှင်းဘူတာမှ သိရသည်။


နန်းမားဘူတာမှ မိုးညှင်းဘူတာဘက်သို့ နံနက် ၈ နာရီအချိန်ခန့်က ထွက်ခွါလာသော အစုန်တိုက်ကင်းရထား(DN APT) စက်ခေါင်းမောင်း ဦးမောင်ဝင်း ရထားထိန်း ဦးအောင်စွာမြင့်တို့ မောင်းနှင်လာသည့်  စက်ခေါင်းအမှတ် DD-948 သည် နံနက် ၈နာရီ ၂၀ မိနစ်အချိန်တွင် ရထားလမ်း မိုင်တိုင်အမှတ်  ၆၃၇/၁၃ နှင့် ၆၃၇/၁၄ အကြားတွင် စက်ခေါင်းနှင့်ကပ်လျက် တွဲအမှတ်  GBHAV-13704 ၏ဘီးအမှတ် ၃ နှင့် ၄ မှာ သံလမ်းနှင့်အပြင် ၁ ပေခန့်အကွာတွင်လည်ကောင်း၊ ဘီးအမှတ် ၅ နှင့် ၆ မှာ သံလမ်းအတွင်း ၁ ပေ အကွာတွင်လည်း တွဲချော်ကျမှုဖြစ်ပွါးခဲ့သည်။


၎င်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာသို့ မိုးညှင်းမြို့နယ် သံလမ်းအင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများနှင့် တွဲပြင်ဌာနမှ တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ပေးခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင်  ရထားလမ်းပွင့်ကာ ပုံမှန်သွားလာနိုင်ခဲ့ကြောင်း သိရသည်။


"ရှေ့ပြေးအစုန်တိုက်ကင်းရထားက ရထားအတက်အဆင်း ကင်းလွတ်ချိန်အတွင်း ၈ နာရီ ၂၀ မိနစ်မှာ တွဲချော်ပြီး နေ့လယ် ၁၂ နာရီမှာ လမ်းပွင်ခဲ့တာပါ။ အချိန် ၃ နာရီ ၄၀ မိနစ်ခန့်အတွင်း ဖြစ်သွားခဲ့တာပါ။ လူစီးရထားတွေ ပိတ်မိတာမျိုးမရှိခဲ့ပါဘူး။ အချိန်မီပြုပြင်နိုင်ခဲ့ပါတယ်" ဟု တိုင်း(၁)ရထားကြီးကြပ်ရေးမှူးဦးမြင့်ဝင်းက ပြောသည်။


နီတိုး