မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈ မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် ညပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းဝိန်းကူးတို့ဆိပ်အနီး နမ့်ခမ်း - ကောင်းဝိန်း ကားလမ်းတွင် ဒေါ်နန်းဆိုင်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၊ ဘိန်းစိမ်း ၁ ဒသမ ၂ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် တပ်မတော်မှ မတ် ၁၆ ရက် ညပိုင်းတွင် မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာအနီး ဝမ်ကျောင်း - မိုင်းအော့ကျေးရွာ လမ်းပေါ်တွင် ကျလဲ မောင်းနှင်ပြီး စိုင်းအွတ် လိုက်ပါလာသည့် MITSUBISHI အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ နှင့် ငွေကျပ် ၅ သိန်းတို့ကိုလည်းကောင်း၊ မတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု တာချီလိတ် - မိုင်းဆတ် ကားလမ်း မယ်ဆိုင်ချောင်းဘေးရှိ တောင်ယာတဲအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား အကြေ ၁ ဒသမ ၁ ကီလို၊ RUGER အမျိုးအစား ၉ မမ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည် ၁၂ တောင့်တို့ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဆန်ဆိုင်းကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ် ကားလမ်းတွင် ယာညူးနှင့် ဖီးခေါင်တို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များကို ရပ်တန့်ရှာဖွေရာ ယာညူးမောင်းနှင်လာသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ ပြားကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား