မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီတွင် ဗန်းမော်မြို့၊ အောင်သာရပ်ကွက်၊ အမှတ်(အသ/၅၂)တွင် ငှားရမ်းနေထိုင်သည့် ချန့်ဟွေ့(ခ)အားတီနှင့် မချစ်စုဝေ တို့၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅,၅၃၉ ပြားကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ယာယီကားကြီးဝင်းအနီးတွင် စိုးဝင်း (ခ) အာကာစိုး နှင့် မျိုးလှိုင်ဝင်း (ခ)ဝေကြီး တို့ နှစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အမှတ်(ခဝ/၁၀၉)နေ  ရန်ကျားဝမ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ၊ ဘိန်းဆီခဲ သုည ဒသမ ဝ၁၆ ကီလိုနှင့် အဆင့်နိမ့်ဘိန်း သုည ဒသမ ၀၁၃ ကီလိုတို့ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ လုံထန်ကျေးရွာအုပ်စု၊ လုံထန်ကျေးရွာနေ လော်လောက်ဖာ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၁ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား