မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၃  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာအနီး၊ လုံးခင်း-ဆန်ခါသွား ကားလမ်းပေါ်တွင် မကိုင်ဘရိမ်း မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ အိန္ဒုကျေးရွာတိုးဂိတ်အနီး၊ ဘားအံ-အိန္ဒုသွား ကားလမ်းတွင် စောမိုင်အွာ မောင်းနှင်ပြီး မအေးသောင်း နှင့် မလွင်မာလှိုင် တို့ လိုက်ပါလာသည့် HONDA FIT အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့၊ စော်ဘွား(အင်း) ရပ်ကွက်နေ မဝင်းမာ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၈,၀၀၀ ကိုလည်းကောင်း၊  ထို့အတူ မတ် ၁ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်တွင် မိုးဇော်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား