မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၅  

 

ဗန်းမော်မြို့နယ်၊ ရေဖြူမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၁၄ ရက်  ညနေ ၅ နာရီ မိနစ် ၄၀ တွင် ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာအုပ်စု၊ စီဟဲကျေးရွာတံတားအနီး၊ ဗန်းမော်- မန္တလေးသွားကားလမ်းတွင် ဆိုင်းလီ မောင်းနှင်ပြီး ရှမ်းရွယ် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၈၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ မိနစ် ၅၀ တွင် အဆိုပါနေရာအနီး၌ အားဇောင် မောင်းနှင်ပြီး လောဒ်အောင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်း ကျေးရွာအနီး၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် SUNLONG အမျိုးအစားခရီးသည် တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် မလှလှသိန်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၈,၄၀၀ ကိုလည်းကောင်း။

 

ထို့အတူ   ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၂)၊ ၄၁ လမ်းနှင့် ၆၀ လမ်းထောင့်၊ အကွက်အမှတ်(၁၀၈)ရှိ သီဟထွန်း၏နေအိမ်သို့ သွားရောက်စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူ အောင်ဖြိုးသွင် (ခ)ငမဲ အားတွေ့ရှိရပြီး ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၃၃ ပြား ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)