မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပင်လောင်း-အောင်ပန်းသွား ကားလမ်း၊ တီကျစ်ကျေးရွာအုပ်စု၊ နန်းတိုင်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြင့်ခိုင် မောင်းနှင် ပြီး ညွန့်မောင်၊ မမူဗွာချော်နှင့် မသန့်ရှင်းလေး တို့လိုက်ပါလာသည့် PAJERO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းစိမ်း ၁၃ ကီလို ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အလယ်ပိုင်း ကျေးရွာတွင် အောင်အောင်ဦးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းတွင် အေးစော အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ အိုက်စ် ၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အဆိုပါနေရာ၌ လှဝင်း အား TOYOTA VIGO မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်