မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၅

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ်၊ ကော့ကဒါ ကျေးရွာအုပ်စု၊ ကော့ကဒါကျေးရွာအနီးတွင် ကျော်ဝင်းထူး မောင်းနှင်လာသည့် MAZDA DEMIO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ အလားတူ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် ခရီးသည်တင် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် မအိအိလွင်၊ မစန်းစန်းဝင်း၊ မတင်တင်ဝင်းနှင့် မျိုးကိုကို တို့ထံမှ အိုက်စ် ၆ ဒသမ ၁၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၇ နာရီတွင် ကွင်းဆက်တရားခံ မသန်းသန်းအေး အား ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ပေါ်ဦးလမ်းရှိ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်တွင်လည်းကောင်း၊  ထို့အတူ နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၂၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအုပ်စု မရမ်းချောင်ကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ခင်ကျော်ထွန်း (ခ)နေမျိုးအောင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်