မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မေ ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီးတွင် မန္တလေးမြို့မှ အင်းတော် မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၄ ဒသမ ၈ ကီလို ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကလေးကျေးရွာအနီးတွင် စောထွန်းအောင်(ခ) ကံကောင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူများဖြစ်သည့် မခင်မာစီး(ခ)အမီနာ အား မွန်းလွဲ ၃ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ တောင်မြင့်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ညနေ ၆ နာရီတွင် မမိုးသူ အား ချမ်းမြသာစည်မြို့နယ်၊ သိုးခြံရပ်ကွက်၊ ၆၀(B)လမ်း၊ ၁၁၂ x ၁၁၂(a) လမ်းကြားရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄,၁၈၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ (၄)မိုင်ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် ကျော်မြင့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၁,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်