မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်၊ နိုဝင်ဘာ ၂၇

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ဗန်းမော်မြို့၊ ရွှေပြည်သာကွက်သစ်ရပ်ကွက်၊ မြို့ရှောင်လမ်းတွင် အောင်မျိုးမင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ကိုလည်းကောင်း၊  ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ သံသုမာလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဝင်းနိုင်နှင့် အေးမောင်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကျော်လင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၃၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်