မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်၊ ဇန်နဝါရီ ၄

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁နာရီ တွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချော ကျေးရွာအနီးတွင် NISSAN ADVAN အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီတွင် ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇန ဥယျာဉ်မြို့တော်၊ (ဘီ-၂) လမ်းတွင် ရန်အောင်စိုး၊ မင်းခိုင်ထွန်း (ခ) ကျော်ငြိမ်းနှင့် ခိုင်ချစ်မျိုးတို့ ၃ ဦးအား လက်ဆွဲအိတ် ၁ အိတ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀  သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဆက်လက်စစ်ဆေးချက်အရ နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ (ဘီ-၁) လမ်းရှိ ရန်အောင်စိုး၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်