မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၅ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက တမူးမြို့၊ ကံကြီးဝတံတားအောက်၊ မဟူရာချောင်းဘေးရှိ ချုံတောအတွင်း တွေ့ရှိသူ အိန္ဒိယနိုင်ငံသား ထောင်းမင်လယ်အား ရှာဖွေရာ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေး ၉၃ ပြားလည်းကောင်း၊ ထို့အတူ ယင်းနေ့နံနက် ၁၀ နာရီက မူးယစ်တပ်ဖွဲ့စု(၄၀) ရန်ကုန်(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာ၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ Ocean စူပါမားကတ်ရှေ့တွင် တွေ့ရှိသူ ချစ်ကိုကိုနှင့် မျိုးကိုကိုတို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃၀ဝ၀ နှင့် လက်ကိုင်ဖုန်း (၂)လုံးတို့ကိုလည်းကောင်း။

 

အလားတူ ညနေ ၄ နာရီ ၁၅ မိနစ်က မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာ၊ ရွာငံ-ကျောက်ဆည် သွားကားလမ်း၊ နတ်စင်ကုန်းအနီးတွင် ဘောအီ မောင်းနှင်လာသည့် Honda Fit  အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ  ဘိန်းစိမ်း ၁၆ ဒသမ ၈ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းနောကျေးရွာနေ မနာအီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အဖောရှိုအား တွေ့ရှိရပြီး စိတ်ကြွရူးသွပ် ဆေး ၁၆၇၄ ပြားနှင့် မြန်မာငွေကျပ် ၂ သိန်းတို့ကို လည်းကောင်း။

 

ထို့အတူ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဥမှင်ကျေးရွာနေ လှသောင်၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁၀၊ ဘိန်းဆီခဲ ၁၆၀ ဂရမ်နှင့် ဘိန်းစိမ်း ၂ ကီလိုတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက် ညနေ ၇ နာရီ မိနစ် ၂၀ က နမ့်ခမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ ဖာလင်းကျေးရွာအုပ်စု၊ ဖာလင်းကျေးရွာအဝင် ကားလမ်းပေါ်တွင် အိုက်ကျော်ဝီးနှင့် အိုက်ပီးတို့အား ရှာဖွေရာ ဘိန်းဖြူ ၂၂၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN