မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၂၆  မေ 

 

တပ်မတော်မှ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာတွင် မေ ၂၅ ရက် နံနက် ၉ နာရီက ဒေါ်ထု မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် ဆိုင်ကယ်တစ်စီးတို့ကိုသိမ်းဆည်းရမိခဲ့သည်။ 

 

ထို့အတူ ယင်းနေ့နံနက် ၈ နာရီက မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာ၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းပေါ်တွင် ဆန်းဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ ဘိန်းဖြူ ၂၀ဝ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊

 

မေ ၂၄ ရက် ညနေ ၅ နာရီခွဲက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ တာဝမ်းတီး ကျေးရွာ၏ မြောက်ဘက်ကြံခင်းအတွင်းရှိ တဲတစ်လုံးအားဝင်ရောက်ရှာဖွေရာ တဲပေါ်ရှိဆာလာ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ ပြား သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ မေ  ၂၅ ရက်  ည ၇ နာရီက  မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာ၊ မူဆယ်-ကွတ်ခိုင်သွားကားလမ်းပေါ်တွင် TOYOTA GRANDE Mrak II အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မိုင်းယု(၁၀၅)မိုင် ကျေးရွာမှ မန့်မိုင်ကျေးရွာသွား တောလမ်းထဲတွင် ၎င်းယာဉ်အားတွေ့ရှိရပြီး စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၄,ဝ၀ဝ နှင့် ဘိန်းဖြူဘလောက်တုံး ၁ တုံးတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မိုင်းတင်ကျေးရွာအုပ်စု၊ ကောင်းဟုန်းကျေးရွာရှိ အောင်ထွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ဝ ဒသမ ၂ ဂရမ်နှင့် အမေရိကန်နိုင်ငံထုတ် ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၃ တောင့်၊ တရုတ် နိုင်ငံထုတ် ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့်နှင့် တူမီး ၁ လက်တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။


 
MDN