မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂ ဇူလိုင် 

မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ မော်တော်ယာဉ်ရပ်နားစခန်းဝင်းအတွင်းတွင် မလှမြိုင် အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ၊ ဘိန်းဖြူ ၄၄၀ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ည ၇ နာရီက မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဖဝါကျေးရွာအထွက်၊ မှော်ပုံ-တောမှော်သွားလမ်းတွင် လခရီတူးမိုင် မောင်းနှင်ပြီး မုန်ဂါလ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ ဘိန်းဖြူ ၂၄၀ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မှော်ပုံကျေးရွာရှိ ၎င်းတို့၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆၅၀  ကိုလည်းကောင်း၊ 

ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်ပိုင်း)မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအနီးလမ်းမပေါ်တွင် သောင်းရွှေ(ခ)ဦးသောင်းအား မော်တော်ဆိုင်ကယ်နှင့်အတူတွေ့ရှိ၍ စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၀ နှင့် လက်ကိုင် ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊

ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့ပိုင်း)မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊အမှတ်(၅)ရပ်ကွက်၊ ရုပ်ရှင်ရုံအနီးတွင်တွေ့ရှိသူ ရန်နိုင်ဦးအား စစ်ဆေးရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ  မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ နော်လွန်(ခ)နော့်နော် ၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ဇနီးဖြစ်သူ မခင်ဝင့်ဝင့်ပန် အား တွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေး ၂,ဝ၁၅ ပြား၊ အိုက်စ် ၆ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)