မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၃ ဇူလိုင် 

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂ ရက် ညနေ ၄ နာရီခွဲက တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့(အောက်) ကျေးရွာလမ်းတွင် စိုင်းဆွန်ဖစ်အား မော်တော်ဆိုင်ကယ်နှင့်အတူ တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ နှင့် ဘိန်းဖြူ ဝ ဒသမ ၂ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ပါကွေ့(အောက်)ကျေးရွာနေ  မီရှဲ၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁၀ ဒသမ ၆ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၀၊ ထိုင်းနိုင်ငံသုံး ဘတ် ၃၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်းတယမြို့နယ်၊ မြေခြားချိုင့်ကျေးရွာအုပ်စု၊ ကျောက်ဆောင်ကျေးရွာအနီးရှိ ကားလမ်းမတွင် သိန်းအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး အလားတူ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ထမ့်ဆိုင်းကျေးရွာအနီး ကားလမ်းမတွင် ကြူကြူဝင်း (ခ) အားဖန် မောင်းနှင်လာသည့် ALFA ROMEO အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့် ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၄၃ ကီလို၊ အိုက်စ် ၁ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ထိုနေ့ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင် မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းမပေါ်တွင် ညီညီအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၄၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကိုရဲ