မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၁ ဇူလိုင်

ကသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၉ ရက် ည ၉ နာရီက ကသာမြို့၊ အမှတ်(၅)ရပ်ကွက်နေ ညီညီဝင်း(ခ) ကိုညီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၄၂၇ ပြား၊ မော်တော်ဆိုင်ကယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၇၉၃ ပြား၊ စိတ်ကြွရူးသွပ်ဆေးအကြေမှုန့် ၇၀ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ တည်းခိုခန်း၊ အခန်းအမှတ်(၂၅)သို့ ဝင်ရောက်ရှာဖွေရာ တင်မိုးအားတွေ့ရှိရပြီး အခန်းမှ ဘိန်းဖြူ ၂၇ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေး ၂၁၉၂ ပြား၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

ယင်းနေ့ ည ၇ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၄၂) ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်နေ မသဉ္ဇာပြုံး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြောက်ဥက္ကလာပမြို့နယ်၊ င-ရပ်ကွက်နေ မဇာဇာမိုး(ခ)မဇာ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ နှင့် အိုက်စ် ၁၆ ဂရမ်တို့ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်းတွင် အားကာ(ခ)မောင်ဘု မောင်းနှင်ပြီး ဟန်ဇော်ထွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅၁၇၅ ပြား၊ မြန်မာငွေကျပ် ၁ ဒသမ ၄၅ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အားလည်းကောင်း၊ အလားတူ နောင်ချိုမြို့အဝင် မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်းတွင် သိန်းမောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ဝ နှင့် ငွေကျပ်တစ်သိန်းတို့ကို လည်းကောင်း။

အလားတူ ညနေ ၆ နာရီခွဲတွင် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)ရှိ အငှားနေအိမ်လုံးချင်း ၃ ထပ်တိုက်ကိုဝင် ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားများဖြစ်သည့် Mr. Jaroemrit Ulotok ၊ Mr. Samran Downkrajay ၊ Mr. Suree Phromrat ၊ Mr. Chaiya နှင့် Mr. Mo တို့ ၅ ဦးအားတွေ့ရှိရပြီး ၎င်းတို့နေထိုင်သည့် ဒုတိယထပ်နေအိမ်အိပ်ခန်းမှ စိတ်ကြွရူးသွပ်ဆေး ၁၈ ပြားနှင့် အိုက်စ် ဝ ဒသမ ၈ ဂရမ်တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကိုရဲ