မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၀

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာရှိ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၆၃ ကီလိုကို လည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁) ရပ်ကွက်နေ မင်းမင်းထွန်း(ခ)ပါးပြတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေး ၁၀,၀၄၇ ပြားကိုလည်းကောင်း၊ ထို့နေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် သန်းဌေး(ခ) အာကာဗတ်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၉,၉၇၄ ပြားကို လည်းကောင်း။

 

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ အိုက်ခွက်(ခ)ကိုအောင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာနေ မအီရှဲန်လုံ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၀၀ နှင့် ဆေးခြောက် သုည ဒသမ ၄၃ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)