မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ၅   ဧပြီ

 

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ညနေပိုင်းတွင် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ မော်ဟန်-တောင်စိမ်းလေးမှော်သွားလမ်း၊ နန့်ပင့်ချောင်းအနီးတွင် စိန်မောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၀ နှင့် ဘိန်းဖြူ ၃ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် နိုင်လင်း မောင်းနှင်ပြီး မမွန်းဂျာအောင် လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ ၊ ဆေးခြောက် ၂ ဒသမ ၅ ဂရမ်၊ အိုက်စ် ၉၉၀ ဂရမ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ နိုင်လင်းနှင့် မမွန်းဂျာအောင်တို့၏ နေအိမ်တိုက်ခန်းကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၂ ပြားနှင့် ဆေးခြောက် ၁၈ ဂရမ်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ဧပြီ ၃ ရက် ညပိုင်းက လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၂)၊ အေးချမ်းမြေ့လမ်းတွင် အောင်မင်းသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀ နှင့် ဘိန်းဖြူ ၁၁ ဒသမ ၂ ဂရမ်တို့ကိုလည်းကောင်း၊

 

အလားတူ ဧပြီ ၄ ရက် မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလောမြို့နယ်၊ လွိုင်ကော် - ပင်လောင်း - အောင်ပန်းသွားကားလမ်း၊ နန်းတိုင်း ကျေးရွာ အနီး၊ မိုင်တိုင် အမှတ်(၁၂/၂)တွင် အိုက်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ  ဘိန်းဆီခဲ ၄ ဒသမ ၅ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတိုအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN