မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၁ 

ကျောက်တံတားမြို့နယ်၊ မိုင်းခတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန် ၂၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် သူရဝင်း(ခ)ဂနီ ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ ညနေ ၆ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာအနီး မိုင်းခတ်- မိုင်းယန်းသွားကားလမ်းတွင် လုကြည် ကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊  အလားတူ ဇွန် ၁၉ ရက် ညနေ ၆ နာရီခွဲတွင်  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းကျောက်ကျေးရွာနေ အိုက်တစ် ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်မြင့်ဦး၊ ဇော်လွင်ဦး၊ ဆန်းယိ နှင့် အိုက်ယိတို့ ၅ ဦးငိူ တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။ 

(သတင်းစဉ်)