မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂  

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် AD Van အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မခင်အုန်းမြင့်နှင့် မအေးမြင့်တို့ထံမှ ဘိန်းဖြူ ၃ ဒသမ ၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၈,၀၀၀ ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုနားကျေးရွာရှိ အားထူ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၅,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်