မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ 

ဝေါမြို့နယ်၊ သာစည်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ဝေါမြို့နယ်၊ ညောင်ခါးရှည် ကျေးရွာအုပ်စု၊ ညောင်ခါးရှည် ကျေးရွာရှိ X-Ray စက်စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဝင်းနိုင်စိုး (ခ) ညီပု နှင့် ထွန်းထွန်းနိုင် (ခ) ဝင်းနိုင်တို့ထံမှ အိုက်စ် ၃ ကီလိုကိုလည်းကောင်း၊  အလားတူ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ပြည်ညောင် ကျေးရွာအုပ်စု၊ ပြည်ညောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင် ဖိုးချစ်နှင့် အောင်နိုင်ထွန်း (ခ) ကိုစိုင်းတို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ စငေါကျေး ရွာအုပ်စု၊ ထမ်ဆမ်းကျေးရွာအနီးတွင် Probox အမျိုးအစား ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ပြည့်ဖြိုးအောင် နှင့် မလှလှတိုး (ခ) လမင်းရွှေရည်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်