မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဇွန် ၂၀ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်းကျေးရွာအနီးရှိ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် SCANIA  အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅,၃၄၄ ပြားကို လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ကွမ်းလုံမြို့နယ်၊ ပြိန်းရဲကျေးရွာအုပ်စု၊ တုံကျက်ကျေးရွာအနီး၊ ဟိုလီ- နမ့်ကျွမ်း သွားကားလမ်းတွင် လျှူဝမ်ဖု (ခ) လောက်အဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာရှိ တံတား ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စိုင်းမိန်ခွမ်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ လာအိုနိုင်ငံသားများဖြစ်ကြသော အားဆမ်းနှင့် ဝီလာဝပ် (ခ) စိုင်း တို့နှစ်ဦး ငှားရမ်းနေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ အက်တက်စီ ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်း ကျေးရွာအနီးရှိ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၇၅၀ နှင့် မြန်မာငွေကျပ် ၃၄ သိန်းကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Express ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၈၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။  

ရဲပြန်ကြား