မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၁၉ ဇွန်

 


ပင်လည်ဘူး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၈ ရက် နံနက်ပိုင်းက ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲကျေးရွာ သွားကားလမ်းတွင် လမ်းလျှောက်လာသူ စိုးထွေး အားစစ်ဆေးရှာဖွေရာ  ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ ဓား ၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ ကျော်ရွာကြီးကျေးရွာနေ နီတွတ်(ခ)ကျော်စိုးဦး၏ နေအိမ်ကိုသွားရောက်ရှာဖွေရာ  စုစုပေါင်းငွေကျပ် သိန်း ၆,၅၉ဝ တန်ဖိုးရှိ ဘိန်းဖြူ ၅ ဒသမ ၄၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 


အလားတူ ယင်းနေ့ ညပိုင်းက  အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အကွက်ကြီး(၈၉)၊ အိမ်အမှတ်(၁၇၇/၁၇၈)နေ ဇေယျာထွန်း၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မစိုးစန္ဒာသွင် အားတွေ့ရှိ၍ အိပ်ခန်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၇,၁၆၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အဆိုပါနေအိမ်ရှေ့သို့ မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ အောင်ဖြိုးချစ်(ခ)သားဖြိုးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ တောင်ကြီးမြို့နယ်၊ ပန်သခွား ကျေးရွာနေ ထွန်းလင်းကျော် ၏ နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၆၅ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 


ထို့အတူ ယင်းနေ့ နံနက် ၉ နာရီက    လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ ပူနားကို ကျေးရွာ အနီးရှိတောင်စောင်းချုံထဲတွင် မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ငွေကျပ်သိန်း ၅,၂ဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၉,ဝဝဝ၊ ဘိန်းဖြူ သုည ဒသမ ၃၅ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးမှုန့်(ရေစို) ၆ ကီလို၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည် ၈ လီတာခန့်၊ ပွိုင့် ၃၂ ပစ္စတိုတစ်လက်၊ ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးချက် လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါနေရာအနီးတွင် လူမနေသည့် တောင်ယာတဲတစ်လုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅,၅၀၀  ထပ်မံသိမ်းဆည်းရမိခဲ့သည်။ 

 


အလားတူ ထိုနေ့ ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းယော်သွားကားလမ်း၊ နားဖကျေးရွာအနီးတွင် သန်းအောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူ ထားကြောင်း သိရသည်။ 

 


ရဲပြန်ကြား