မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ၁၃ ဧပြီ

 

မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်  ဧပြီ ၁၂ ရက် နံနက်ပိုင်းက ရွှေကူမြို့နယ်၊ ရွှေကူလေးကျေးရွာနေ မိုးလွင်ဦး၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၃၀၊ ဓားတစ်ချောင်းနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၈)မုံရွာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကျောက်ဆောင်ဆိပ်ကမ်း၊ ရွှေပြည်ကမ္ဘာ အမြန်ရေယာဉ်ဂိတ်တွင် ခရီးသည်တင် အမြန်ရေယာဉ်ဖြင့်လိုက်ပါလာသည့် အာကာစိုးအောင်၊ အောင်သူဟိန်းနှင့် ဟိန်းထက်အောင်တို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၃၀ ၊ ဘိန်းဖြူ သုည ဒသမ ၅ ဂရမ်၊ ငွေကျပ် ၂၀၃,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို လည်းကောင်း။

 

ထို့အတူ မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျိေးရွာဘောလုံးကွင်းအနောက်ဘက်၊ ရတနာလမ်း တောင်ဘက်ရှိ ရဲနိုင်ဦး(ခ)ခါးကုန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၉၀ဝ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သိန္နီမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျိုးရှောင်ခွင်း မောင်းနှင်ပြီး မရန်စောရှမ်း လိုက်ပါလာသည့် TOYOTA SURF အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆,ဝ၀ဝ၊ ငွေကျပ် ၅၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN