မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၁၂ ဇူလိုင်

မူးယစ်တပ်ဖွဲ့စု(၈)မုံရွာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၁ ရက် ညပိုင်းက မုံရွာမြို့ ကံသာဦးရပ်ကွက် သုခလမ်းရှိ မချိုချိုသင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၅၄၃၂ ပြား ဘိန်းဖြူ ၂ ဒသမ ၆၅ ဂရမ်၊ ငွေကျပ် ၃ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ 

အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ နောင်ဖာရဲကင်းရှေ့လမ်းပေါ်တွင် ဂျော်နီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၇၀  ကိုလည်ကောင်း၊ 

ထို့အတူ ည ၁၀ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာ၊ ရွာငံ-ကျောက်ဆည်ကားလမ်းတွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်လာသူမှာ ထွက်ပြေးသွားသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၄ ဒသမ ၇ ကီလို ကိုလည်းကောင်း၊

အလားတူ ညနေ ၅ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-ကောင်းခါးကားလမ်း၊ ခိုလုံကျေးရွာအဝင်လမ်းမ၌ မကော့နူး မောင်းနှင်လာသည့် Mark-X အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၂၄၂ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအဝင်လမ်း၌ ဖာဆုံး မောင်းနှင်လာသည့် Crown အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)