မြို့နယ်အချို့တွင်  တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၀  ဇူလိုင် 

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၅ ရက်မှ ၈ ရက်အတွင်း ဝန်းသိုမြို့နယ်၊ ဘုံချောင်း ကျေးရွာအနီးတစ်ဝိုက်နေရာတို့မှ တရားမဝင် ကျွန်း/ကညင်/သစ်/ခွဲသား (၂၇)တန်၊ ကလေးဝ မြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင်ကညင်သစ် (၁၀)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်း အကွက်အမှတ်(၂၀)အတွင်း မော်တော် ယာဉ်(၃)စီးပေါ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်/ခွဲသား (၁)တန်နှင့် ပြစ်မှုကျူးလွန်သူ(၁)ဦး၊ ဆောမြို့နယ်၊ ကျောက်ထု-ထီးလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် (၄/၄)နှင့် (၄/၅)မိုင်ကြား ကားလမ်းမပေါ်တွင် (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ထင်းရှူးပိဿာချိန် (၃၄၂၁)ပိဿာနှင့် မော်တော်ဆိုင်ကယ်(၁)စီး၊ ပြစ်မှုကျူးလွန်သူ(၄)ဦး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် ကားလမ်း (အတက်) စင်နေရာ၌ ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၀ ဒသမ ၂၇၈၀)တန်နှင့် ပြစ်မှုကျူးလွန်သူ(၁)ဦး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၏တောင်ဘက် ရန်ကုန် - မန္တလေး လမ်း ဟောင်း မိုင်တိုင်အမှတ် (၁၀၅/၀)မိုင်အနီး ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၀ ဒသမ ၇၅၇၈)တန်နှင့် ပြစ်မှုကျူးလွန်သူ(၁)ဦး၊ မိုးညှင်းမြို့နယ်၊ ပင်းဟဲ-ဘီးလူးမြို့ ကျေးရွာသွားလမ်း ယာဉ်ပေါ်မှ တရားမဝင်ကျွန်းသစ် (၂)တန်နှင့် ပြစ်မှုကျူးလွန်သူ (၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ညီညီသန်း(နေပြည်တော်)