မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၅ မတ် 

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက်မှ ၂၄ ရက်အထိ သပိတ်ကျင်းမြို့နယ်၊ ပိုးဇာကျေးရွာ၏ တောင်ဘက် (၂)မိုင်ခန့်အကွာနေရာ၌ သရီးကရောင်း(၆)ဘီး (အစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင် ကညင်သစ် (၃ ဒသမ ၄၄၂၀)တန်၊ ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်ကြိုးဝိုင်း အကွက်အမှတ် (၁၅၉) အတွင်း တရားမဝင်သစ်ယား/ ပျဉ်းမ/ ယမနေ/ သစ်ကဇော်သစ် (၉ ဒသမ ၁၁၀)တန်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်-ဟဲဟိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅/၁၀၆)ကြားတွင် မော်တော်ယာဉ် (၂)စီးပေါ်နှင့်အတူ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၉ ဒသမ ၇၁၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

 

ထို့ပြင် နောင်ချိုမြို့နယ်၊ မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေး ဂုတ်တွင်းတံတားအနီးတွင် ယာဉ်ပေါ်မှ တရားမဝင်ပိတောက်သား ဂီတာပုံ (၀ ဒသမ ၂၂၄၀) တန်နှင့်အတူ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ညီညီသန်း(နေပြည်တော်)