မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၃၀ ဇွန်

 

သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက်မှ ၂၈ ရက်အတွင်း မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်းအတွင်း တရားမဝင်ကညင်သစ် (၁၆)လုံး (၁၇)တန်၊ ပုလဲမြို့နယ်၊ အိုင်းမကျေးရွာ - သစ်ကြီးတိုင်းကျေးရွာသွား ဖွံ့ဖြိုးရေးလမ်းတွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၄)တန်၊ မင်းကင်းမြို့နယ်၊ စမြင်ငယ်ချောင်းဘေး၊ မြောင်းဇင်းချောင်းဘေးနေရာတို့၌ တရားမဝင်အင်/ ကညင်သစ်/ ခွဲသား (၂၄)တန်နှင့် တာယာဘီးတပ်လှည်း (၂)စီး၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသော Cellular Trailcam ကင်မရာ၏ သစ်ခွဲသားများ တင်ဆောင်ထားသော ဆိုင်ကယ်များထွက်လာသည့် မှတ်တမ်းဓါတ်ပုံပေးပို့ချက်အရ ဝါးဘိုးတောင်၏ အတွင်းဘက်(၄) ဖာလုံခန့်အကွာနေရာ ဆိုင်ကယ်ပေါ်မှ ပစ်ချထားသည့် တရားမဝင်ပိတောက်ခွဲသား (၁)တန်နှင့် ရပ်တန့်ထားသော မော်တော်ဆိုင်ကယ် (၇)စီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၊ ပုလဲ(၇)လမ်းပေါ်၌ ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါး (၅၀)ချပ်၊ (၁)တန်၊ မြိုင်မြို့နယ်၊ မြိုင်-သင်ပေါင်းကန်လမ်း ဒေသအခေါ် တောဝေးကန်ဇရပ်အနီးနေရာ၌ မော်တော်ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဗဗ-၂/၁၂၊ ၄၇ လမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ ခြံဝင်းအတွင်းမှ တရားမဝင်ကျွန်းခွဲသား (၂)တန်နှင့် တရားခံ(၂)ဦး၊ မိုးနဲမြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ၏ အနီးမော်တော်ယာဉ် (၃)စီးပေါ်မှ တရားမဝင်ကျွန်း/ အင်ခွဲသား/ တံခါးချပ် (၁၉)တန်နှင့် တရားခံ(၅)ဦး၊ စစ်တွေ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၂)၊ ငွေတောင်တံတားအနီးနေရာ၌ မော်တော်ယာဉ်ပေါ်မှ တရားမဝင် သင်ပုန်းခွဲသား (၃)တန်နှင့် တရားခံ(၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)