မြို့နယ်များတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၄    သြဂုတ်

 

မူးယစ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ည ၈ နာရီ ၅၀ မိနစ်တွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက် စိမ်းလဲကန်သာစိုက်ပျိုးခြံအနီးတွင် လမ်းလျှောက်လာသူ စိုင်းဟန်အောင်၏ ခရီးဆောင် ကျောပိုးအိတ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,ဝ၀ဝ၊ မြန်မာငွေကျပ် ၆၅,ဝ၀ဝ၊ ရွှေနားကွင်းတစ်ရံ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 


အလားတူ မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်ကားလမ်းတွင် ခရီးသည်တင်ယာဉ်ကို ရပ်တန့်ရှာဖွေရာ သက်နိုင်၏ ခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀ဝ ကိုသိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ရတနာလမ်းသွယ် (၄)လမ်း၌ သန်းမောင် မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ၎င်းတည်းခိုသည့်တည်းခိုခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၀ဝ ထပ်မံသိမ်း ဆည်းရမိခဲ့သည်။

 


ထို့ပြင် မူးယစ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ဝ၉ နာရီ မိနစ် ၃၀ က တာချီလိတ်မြို့နယ်၊ တာချီလိတ်-မိုင်းဟဲ သွားကားလမ်းတွင် လီဂျာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ကိုရဲ)