မိုးရာသီ၏ လည်ပတ်စရာ နေရာတစ်ခုဖြစ်သော ဇင်းကျိုက်ရေတံခွန်သို့ နေ့စဉ်လာရောက် လည်ပတ်သူများပြားနေပြီး ရုံးပိတ်ရက်များတွင် ထောင်နှင့်ချီ၍ လာရောက်နေ

ရန်ကုန် ဇွန် ၁၉

မိုးရာသီ လည်ပတ်စရာ နေရာတစ်ခုဖြစ်သည့် မွန်ပြည်နယ် ဇင်းကျိုက်မြို့တွင်ရှိသည့် ဇင်းကျိုက်ရေတံခွန်သို့ နေ့စဉ် လာရောက်လည်ပတ်သူ များပြားနေပြီး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်လူဦးရေ ထောင်ချီအထိရှိနေကြောင်း မော်လမြိုင်မြို့ ဒေသခံများနှင့်လူမှုကူညီရေးအသင်းမှ သိရသည်။

ဇင်းကျိုက်ရေတံခွန်၌ မေလခန့်မှစ၍သီတင်း ကျွတ်လအထိ ရေကစားနိုင်ပြီး ဒေသခံများအပြင် မော်လမြိုင်၊ သထုံ၊ ဘားအံ အစရှိသည့် နေရာဒေသများမှ နေ့စဉ်လာရောက်လည်ပတ်သူ များပြားလျက်ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ရေတံခွန်သို့ လာရောက်လည်ပတ်သူ ဦးရေမှာ (၁၀၀၀)မှ (၃၀၀၀) ဝန်းကျင်ခန့်အထိ များပြားကြောင်းလည်း  အဆိုပါရေတံခွန်အနီးရှိ အောင်နဝရတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဇင်းကျိုက်ရေတံခွန်ကို လာတဲ့သူတွေများတယ်။ ဒီနေ့လည်း လာတဲ့သူတွေများတယ်။ ဒေသခံတွေအပြင် ဘားအံ၊ သထုံ၊ မော်လမြိုင် အစရှိတဲ့ နေရာဒေသတွေက လူတွေလည်း လာကြတာရှိတယ်။ ဒီနေ့ရုံးဖွင့်ရက်တောင် လူတော်တော်များတယ်။ ပိတ်ရက်တွေဆိုရင် လူတော်တော်လာတယ်။ စနေ၊ တနဂ်နွေရုံးပိတ်ရက်ဆို ပိုများတာပေါ့။ ပိတ်ရက်ဆို ထောင်နဲ့ချီလာတယ်၊ ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀လောက်အထိ ရှိတယ်။ ရေတံခွန်ကတော့ အရင်ကဆိုရင် တစ်နှစ်ပတ်လုံး ရေကျတယ်။ အခုနောက်ပိုင်းက တစ်နှစ်ပတ်လုံး ရေမကျတော့ဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီအပေါ်ကနေ ရေပိုက်တွေကို ရွာထဲက အိမ်တွေကိုပေးဖိုအတွက် ရေတွေသွယ်လိုက်တော့ ရေကတစ်နှစ်ပတ်လုံး မကျတော့ဘူး။ ရေတံခွန်မှာတော့ မေလလောက်ကနေစပြီးတော့ သီတင်းကျွတ်လောက်အထိ ရေရှိတာပေါ့" ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များက ဝါဆိုလပိုင်းလောက်မှသာ လာရောက်လည်ပတ်သူများသော်လည်း ယခုနှစ်တွင် ဇင်းကျိုက်ရေတံခွန်သို့ လာရောက်လည်ပတ်သူ ဦးရေမှာ ယခုကာလကပင် များပြားနေပြီး ယခင်နှစ်ထက်လည်း လာရောက်လည်ပတ်သူ ပို၍များပြားကြောင်းလည်း ဒေသခံများထံက သိရသည်။

"အခုလို လာရောက်လည်ပတ်သူများတော့ အဲဒီအနားက စျေးရောင်းတဲ့သူတွေ၊ အစားအသောက် ရောင်းတဲ့သူတွေလည်း အဆင်ပြေကြတာပေါ့။ အဲဒီနားလေးမှာ ဆိုင်ကယ်အပ်တာက ၁၀၀၀၊ ကားတစ်စီးအပ်ခ ၁၅၀၀ ရှိတယ်" ဟု ၎င်းက ဆိုသည်။

ရေတံခွန်သို့ လာရောက်လည်ပတ်သူများ အဆင်ပြေစေရန်အတွက် ရေတံခွန်အနီး ချော်လဲတတ်ကြောင်းနှင့် အမြင့်တက်ပြီး ကျနိုင်သည့် အန္တရာယ်ရှိသည့် နေရာများတွင် သတိပေးစာများ ကပ်ထားပေးသလို၊ လုံခြုံရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ၊ ရပ်ကွက်များပူးပေါင်း၍လည်း  ခရီးသွားပြည်သူများကို   သတိထားစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

MT