ပွင့်ဖြူ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ယခုရက်ပိုင်း မုန်တိုင်းအရှိန်ကြောင့် နေ့စဉ် မိုးရွာသွန်းလျက်ရှိသဖြင့် ကြီးအုံ ကြီးဝတမံအတွင်းသို့ မိုးရေများ ဝင်ရောက်ခဲ့ရာ ယနေ့မွန်းတည့် ၁၂ နာရီက တိုင်းထွာရာတွင် တမံ ရေပိုလွှဲမှ သုည ဒသမ ၁ ပေ စတင် ရေကျော်ကျလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း နေ့စဉ်မိုးရွာသွန်းခဲ့သဖြင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှု များ တိုးလာခဲ့ပြီး တမံရေပြည့်အမှတ်ဖြစ်သည့် ပေ ၃၄၀ အထက် တမံရေပိုလွှဲမှ သုည ဒသမ ၁ ပေခန့် စတင်ရေကျော်ကျလျက်ရှိပြီး ထိုသို့ တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်းနှင့် တမံနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြီးအုံကြီးဝတမံအတွင်း မိုးရေ ဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်မှု အခြေအနေများကို တမံရေကင်းတာဝန်ရှိသူများက ၂၄ နာရီ စောင့်ကြပ်စစ်ဆေးပြီး ပြည်သူများကို အချိန် နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


