မိုးရွာသွန်းမှုနှင့်အညီ သီးနှံမျိုးစုံ စိုက်ပျိုးရေး

ဆင်းသီဟ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်။ စပါးသာမက သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည့် ရေမြေရာသီဥတု သဘာဝ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ သီးနှံ၊ ပြောင်းဖူး၊ အခြားနှံစားသီးနှံနှင့် စက်မှုကုန်ကြမ်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစသည့် သီးနှံမျိုးစုံကို အောင်မြင်စွာ စိုက်ပျိုးနိုင်သည်။ မိုးရွာသွန်းမှုနှင့် ဒေသရေမြေ အခြေအနေပေါ် မူတည်ပြီး စတင်စိုက်ပျိုးသည်မှာ စပါးသီးနှံ ဖြစ်ချင်ဖြစ်မည်။ နှမ်းလျင်၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံစသည့် ယာသီးနှံ တစ်မျိုးမျိုးဖြစ်ချင်ဖြစ်မည်။ စပါးစိုက်ပျိုးရာတွင်လည်း ရေရှိမှု၊ လုပ်သားလုပ်အား ရရှိနိုင်မှုအပေါ် မူတည်ပြီး တိုက်ရိုက်မျိုးစေ့ ချချင်ချမည်၊ ပျိုးထောင်ကောက်စိုက်ချင် စိုက်မည်။ မေလမိုးဦးကျသည်နှင့် စိုက်ပျိုးရေး လုပ်ငန်းကို စတင်သည်။ ဒေသအလိုက် မိုးရွာသွန်းမှုအပေါ် မူတည်ပါသည်။

မြန်မာနိုင်ငံမှာ မိုးရွာတာက အဓိကအားဖြင့် မုတ်သုံလေကြောင့်ဟု သိရသည်။ မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများမှသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများသို့ တိုက်ခတ်သည်ကို တွေ့ရသည်။ တိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက်၌ သစ်တောသစ်ပင်၊ တောင်ကုန်း တောင်တန်း တည်ရှိမှု သဘာဝ အခြေအနေအရ ပင်လယ်ပြင်မှ သယ်ဆောင်လာသော ရေခိုးရေငွေ့များကို မိုးအဖြစ်ရွာချခြင်း ဖြစ်သည်ဟု သိထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းကဲ့သို့ မြေပြန့်လွင်ပြင်ဒေသများ၌ မိုးနည်းပါးစွာရွာချ၍ မုတ်သုံလေဖြင့် ရေခိုးရေငွေ့များ စတင် သယ်ဆောင်လာရာ ကမ်းရိုးတန်းဒေသများ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ မိုးများစွာ ရွာချသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသည် သဘာဝအခြေအနေအရ မိုးကွယ်ရာ အရပ်ဖြစ်သဖြင့် သယ်ဆောင်ရာမှ ကျန်ရှိသည့် ရေခိုးရေငွေ့ကိုသာ ရွာချရခြင်းဖြစ်၍ မုတ်သုံမိုးကို နည်းပါးစွာ ရရှိရခြင်းဖြစ်သည်။ ဤသို့ ငယ်စဉ်ကတည်းက နားလည်ခဲ့ရပါသည်။

မိုးရေချိန်နှင့်သီးနှံပင်အောင်မြင်မှု
မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် တစ်လလျှင် မိုးရေချိန်အနည်းဆုံး ၈ လက်မ ရွာသွန်းသော်လည်း အလယ်ပိုင်း ဒေသများမှာမူ တစ်လလျှင် မိုးရေချိန် ၄ လက်မ ပြည့်အောင် ၄ လ ဆက်တိုက် ရွာသွန်းခြင်းမရှိသဖြင့် ဆည်ရေသွင်း ရေသာမရရှိပါက မိုးစပါးအောင်မြင်ရန်ကိုပင် လုံလောက်သော မိုးရေချိန်မရသည့်ဒေသများ ရှိလာနေသည်ကို တွေ့ရပါသည်။

ဤသို့ မြန်မာနိုင်ငံ တစ်နံတစ်လျား မတူညီသော မိုးရွာသွန်းမှု အခြေအနေများရှိသည်ဖြစ်ရာ စိုက်ပျိုးသည့် သီးနှံအမျိုးအစား သည် မိုးရွာသွန်းမှုနှင့် ကိုက်ညီဖို့ လိုပါသည်။ ရွေးချယ်သည့် မျိုး၊ စိုက်ပျိုးသည့်အချိန်၊ စိုက်ပျိုးသည့် နည်းစနစ်၊ ပြုစုစောင့်ရှောက်မှုတို့သည် မိုးရွာသွန်းမှုနှင့် လိုက်လျောညီသင့်ပါသည်။ ဥပမာအားဖြင့် မိုးရွာသွန်းမှုနည်းပါး ပါက ယာသီးနှံ များမှ မိုးခေါင်ခံမျိုးကို မိုးခေါင်ခံနည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊ မိုးများပါက ယာသီးနှံများမှ စိုစွတ်မှုဒဏ် ခံနိုင်သည့်မျိုးကို စိုက်ပျိုးခြင်း၊ ပေါင်စနစ်ဖြင့် စိုက်ပျိုးခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုပါသည်။

သီးနှံစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း သီးပွင့်နိုင်ရန် ရေမရှိ၍မဖြစ်၊ အမှန်ပင် ရေလိုသည်။ သို့သော် သီးနှံပင်သက်တမ်း တစ်လျှောက် ရေလိုအပ်မှုသည် သီးနှံအမျိုးအစားပေါ် မူတည်သည်။ စပါးသီးနှံသည် ၇၀ဝ မှ ၁၄၀ဝ မီလီမီတာ ရေလိုအပ် သည်။ ပြောင်းဖူးသည် ၅၀ဝ မှ ၉၀ဝ မီလီမီတာ၊ နှမ်းသည် ၃၅၀ မှ ၆၀ဝ မီလီမီတာ၊ မြေပဲသည် ၃၅၀ မှ ၆၀ဝ မီလီမီတာ၊ ပဲမျိုးစုံသည် ၃၀ဝ မှ ၅၀ဝ မီလီမီတာ စသည်ဖြင့် သီးနှံပေါ် မူတည်၍ ရေလိုအပ်ချက် ကွဲပြားခြားနားသည်ဟု သိရပါသည်။

စပါးသီးနှံသည် ရေလိုအပ်ချက် ၇၀ဝ မှ ၁၄၀ဝ မီလီမီတာ ဖြစ်သော်လည်း စိုက်နည်းစနစ်အပေါ် မူတည်သည်။ တိုက်ရိုက် မျိုးစေ့ချစနစ်သည် ရေလိုအပ်ချက်နည်းသည်။ တိုက်ရိုက်မျိုးစေ့ချ စနစ်တွင်လည်း အစိုတမန်းပြင် မျိုးစေ့ချ စနစ်နှင့် အခြောက်ထယ်ရေး မျိုးစေ့ချစနစ်တို့သည် ခြားနားသည်။ အခြောက်ထယ်ရေး မျိုးစေ့ချစနစ်သည် ရေလိုအပ်ချက် အနည်းဆုံး ဖြစ်သည်ဟု ဆိုပါသည်။

သီးနှံအလိုက် အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်ချက် အမျိုးမျိုးအဖုံဖုံ ဖြစ်နေသော်လည်း ပြောင်းဖူး၊ နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ စသည့်ယာသီးနှံများအတွက် ရေလိုအပ်ချက်သည် စပါးသီးနှံထက် ထက်ဝက်ခန့်နည်းကြောင်း သိရသည်။ သို့သော် လယ်မြေဖြစ်ပါက စပါးသီးနှံကိုသာ စိုက်ပျိုးသင့်သည်။ မိုးရာသီ ဖြစ်၍ စပါးအစား အခြားသီးနှံကို အစားထိုးစိုက်ပျိုးခြင်း မပြု သင့်ပါ။ ယာသီးနှံကို ပြောင်းလဲစိုက်ပျိုးပါက အပင်အခြေ ရေဝပ်မခံနိုင်သဖြင့် ဆုံးရှုံးနိုင်ပါသည်။

စပါးစိုက်ပျိုးမှု
မိုးစပါးသည် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပိုလျှံသည်ကို ပြည်ပသို့ တင်ပို့ရောင်းချရေးအတွက် အရေးပါသော သီးနှံဖြစ် သည်။ ဆန်စားသုံးသည့် နိုင်ငံဖြစ်ပေရာ ဝမ်းစာအတွက်လည်း အရေးကြီးပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စပါးမစိုက်သည့်ဒေသဟူ၍ မရှိပေ။ မိုးစပါးစိုက်ပျိုးရေးအတွက် ရေလိုသည်။ ပျိုးထောင်ရာတွင် ရေမရှိ၍ မဖြစ်သကဲ့သို့ စိုက်ခင်း ပြုပြင် ကောက်စိုက်ရာတွင်လည်း ရေမရှိ၍ မဖြစ်ချေ။ သို့သော် မိုးရွာသွန်းမှုနည်းပါးပါက ရေလိုအပ်မှုနည်းပါးသော တိုက်ရိုက် မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးသင့်က စိုက်ပျိုးရန် ဖြစ်ပါသည်။

ရှေးယခင်က မြန်မာတောင်သူလယ်သမားများသည် လယ်မြေတွင် စပါးတစ်သီးသာ စိုက်သည်။ ယခုအခါ စပါး တစ်သီးသာမက သီးထပ်အဖြစ် အခြားယာသီးနှံများကိုပါ တစ်သီးပြီး တစ်သီး စိုက်ပျိုးလျက်ရှိပြီ။ နွေအခါ ရေရရှိနိုင်သည့် အခြေအနေရှိပါက နွေစပါးကိုပါ စိုက်ပျိုးလျက်ရှိသည်။ ဤကဲ့သို့ စပါးတစ်သီးကို ပင်မသီးနှံအဖြစ် အခြေခံပြီး စပါးသာမက ယာသီးနှံများကို သီးနှံပုံစံ ချမှတ်ဆောင်ရွက်သည့်အခါ မိုးရေကိုသာ အားကိုးစိုက်ပျိုးရသည့် ဒေသများ၌ မိုးရွာသွန်းမှု ပမာဏနှင့် မိုးရွာသွန်းမှုပုံစံကို ဦးစွာဆန်းစစ်သင့်သည်။ မိုးရွာသွန်းရရှိသည့် ပမာဏနှင့် ကိုက်ညီသည့်သီးနှံ သို့မဟုတ် သီးနှံပုံစံကိုသာ ချမှတ်ဆောင်ရွက်သင့်ပါသည်။

သီးနှံပင်သက်တမ်းတစ်လျှောက် ရရှိနိုင်မည့် မိုးရေချိန် ပမာဏသာမက လစဉ်မိုးရွာသွန်းနိုင်မှုသည် ဒေသတစ်ခုတွင် သီးနှံ ရွေးချယ်စိုက်ပျိုးရေး ထည့်သွင်းစဉ်းစားရာ၌ ပို၍ အရေးကြီးသည်။ သီးနှံပင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးအတွက် သီးနှံ အလိုက် သက်တမ်းတစ်လျှောက်လုံး ရေလိုအပ်ချက်ကို လအလိုက် ခွဲခြားကာ တွက်ချက်ကြည့်ပါက ပြောင်းဖူး၊ ဆီထွက် သီးနှံ၊ ပဲမျိုးစုံကဲ့သို့ ယာသီးနှံများသည် ယေဘုယျအားဖြင့် လစဉ်ပျမ်းမျှမိုးရေချိန် ၄ လက်မခန့် ရွာသွန်းလျှင် အောင်မြင် အောင် စိုက်ပျိုးနိုင်သည်ဟု သိရပါသည်။

အလားတူ ရေသိုလှောင်စိုက်ပျိုးသည့် လယ်စပါးအတွက် လအလိုက် လိုအပ်သည့် မိုးရေချိန်ကို ခန့်မှန်းပါက စိုက်ပျိုးသည့် စပါးမျိုး၏ သက်တမ်းအပေါ်မူတည်ပြီး သက်တမ်းကာလအတွင်း လစဉ်ပျမ်းမျှ မိုးရေချိန် ၈ လက်မခန့် ရွာသွန်းရန် လိုအပ်သည်။ ထို့ကြောင့် သက်တမ်းလေးလခန့်ရှိသည့် စပါးမျိုးကို စိုက်ပျိုးမည်ဆိုပါက တစ်လလျှင် မိုးရွာသွန်းမှုအနည်းဆုံး ၈ လက်မခန့်ဖြင့် လေးလဆက်တိုက် မိုးရွာသွန်းရန် လိုအပ်မည် ဖြစ်ပါသည်။

ကမ္ဘာနှင့်အဝန်း ယခုအခါ ရာသီဥတုဖောက်ပြန် ပြောင်းလဲနေသည်။ မိုးရွာသွန်းမှု ပုံမမှန်ဘဲ အလွန်နည်းချင် နည်းသည်။ တစ်လလုံး မိုးရွာသွန်းမှု နည်းပါးမှုများ ရှိလာသကဲ့သို့ တစ်နေ့တည်းဖြင့် တစ်လလုံးစာ မိုးရွာသွန်းသည်ကိုလည်း ကြုံတွေ့နေရပြီ။ ယာသီးနှံများကို အောင်မြင်စွာ စိုက်ပျိုးရန်သော်လည်းကောင်း၊ မိုးစပါးသီးနှံကို စိုက်ပျိုးအောင်မြင်ရန် သော်လည်းကောင်း လိုအပ်သည့် မိုးရေချိန်ပမာဏကို မရရှိသည့် ဒေသများ ရှိလာသည်ကို သတိထားမိသည်။ မည်သို့ဖြစ်စေ လစဉ်မိုးရွာသွန်းမှုကို ယခင့် ယခင်နှစ်များ၏ အခြေအနေကို သုံးသပ်၍ ယခုနှစ်အတွက် ခန့်မှန်းကာ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး လူ့စွမ်းအားဖြင့် ကြိုးစားရမည် သာ ဖြစ်ပါသည်။

သီးနှံမျိုးစုံ စိုက်ပျိုးရေး
သီးနှံအလိုက် ရေလိုအပ်ချက်ကို ပြည့်မီအောင် မိုးရွာ သွန်းခြင်းမရှိသော်လည်း စပါးအပါအဝင် သီးနှံမျိုးစုံ စိုက်ပျိုး အောင်မြင်ရေးအတွက် မိုးခေါင်ခံစပါး၊ ရေအနည်းလိုစပါး၊ ယာစပါး၊ ရေကြီးရေလွှမ်းဒဏ်ခံစပါးမျိုးများကို စိုက်ပျိုးခြင်း၊ ရေငတ်ဒဏ်ခံ ဆီထွက်သီးနှံ၊ ပဲမျိုးစုံမျိုးများကို စိုက်ပျိုးခြင်းတို့ ဖြင့် ရာသီဥတု အခြေအနေနှင့် လိုက်လျောညီအောင် လုပ်ကိုင် ရန်လိုအပ်ပါသည်။

ထို့ပြင် ရေထိန်းသိမ်းနိုင်သည့် ထွန်ယက်မြေ ပြုပြင်နည်းစနစ်၊ ရေချွေတာနိုင်သည့် စိုက်ပျိုးနည်းစနစ်၊ တစ်သီးတည်း စိုက်ပျိုးခြင်းဖြင့် ဆုံးရှုံးမှုဖြစ်ပေါ်နိုင်မှုကို သီးနှံမျိုးစုံ စိုက်ပျိုးခြင်းမှ အကျိုးအမြတ်ဝင်ငွေ ကောင်းစေသည့် သီးထပ်သီးညှပ် စိုက်စနစ်များကို ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

ယခုအခါ ကမ္ဘာနှင့်အဝန်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို တားဆီးကာကွယ်ရေးသာမက ပြောင်းလဲသည့် ရာသီဥတုကို ကျော်လွှားနိုင်ရေးကိုပါ ကြိုးစားလျက်ရှိသည်။ မြန်မာ့ ရေမြေသည် စိုက်ပျိုးရေးအတွက် အခြေအနေကောင်းများ ရှိပြီဖြစ်ရာ ရာသီဥတုပြောင်းလဲမှုကို အန်တုပြီး မိုးရွာသွန်းမှုနှင့်အညီ သင့်တော်သည့်သီးနှံ၊ မျိုးနှင့် နည်းစနစ်တို့ကို ပြောင်းလဲကာ သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ရေး အစွမ်းကုန် ကြိုးစားကြရမည်သာ ဖြစ်ပါသည်။    ။