မြို့သာစက်မှုဇုန်ဥယျာဉ်၌  ဆေးခြောက်ပင်များ စိုက်ပျိုးသည်ဟုပြောသည့် နေရာအား သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေး

မြို့သာ   ၁၇   မေ


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြို့သာစက်မှုဇုန်ဥယျာဉ်၌ လူမှုကွန်ရက်တွင် ဆေးခြောက်ပင်များ စိုက်ပျိုးသည်ဟု ပြောဆိုသည့်နေရာအား မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် မြင်းခြံခရိုင်အုပ် ချုပ်ရေးမှူးတို့အဖွဲ့မှ ဧပြီလ (၂၂) ရက်၊ ညနေ (၅:၃၀) နာရီ အချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယင်းနေ့ နံနက် ၉  နာရီခွဲ အချိန်ခန့်တွင် မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ) ရဲမှူးဆန်းဝင်း၊  မူးယစ်တပ်စု(၁၈)မှ တပ်စုမှူး ရဲမှူး ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့သာတိုက်နယ်ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ပြည့်ဖြိုးအောင်၊ ငါန်းဇွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမင်းထက် ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်မှုဥယျာဉ်လုပ်ကွက် (၂) အတွင်းရှိ M Global Nutraceutical Company မှ ၎င်းတို့ ပိုင်မြေဧက (၆၀) အတွင်းမှ ဧက (၂၀) ခန့်အား စမ်းသပ်စိုက်ပျိုးထားသော Industrial Hemp ချဉ်ပေါင် လျှော်ဖြူ (Venak) အပင်များအား မူးယစ်ဆေးဝါး(ဆေးခြောက်ပင်များ) ဟုတ်/မဟုတ် စစ်ဆေးခဲ့ရာ ယင်းအပင် ပေါင်း (၃၄၉၂၉၀) ပင်ခန့်ရှိပြီး၊ အတည်ပြုနိုင်ရန် ဓာတုဗေဒဝန်ရုံးသို့ ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ 


အဆိုပါ အပင်များမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လခန့်က စိုက်ပျိုးထားခြင်းဖြစ်ပြီး၊ အပင်သက်တမ်း (၁၀)လ ခန့်ရှိပြီး၊ မျိုးစေ့နှင့် (၁) လသားအရွယ်ခန့် အပင်များဖြစ်ကြောင်း ၊ အဆိုပါ ကုမ္ပဏီ ပိုင်ရှင်မှာ ဂျပန်လူမျိုး အမေရိကန်နိုင်ငံသား Mr. John Fredric နှင့် Mr. Alexander  တို့ (၂) ဦးဖြစ်ပြီး၊ စိုက်ခင်းတာဝန်ခံ မန်နေ ဂျာအဖြစ် မြန်မာနိုင်ငံသား ရှိန်းလတ် ကို ခန့်ထားပြီး၊ အလုပ်သမား (၂၀ဝ) ခန့်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်း သိရှိသည်။ 


ဆက်လက်၍ ယင်းနေ့ညနေ ၅  နာရီခွဲ အချိန်ခန့်တွင် မြို့သာစက်မှုဇုန်ရှိ ဆေးခြောက်ပင် များဟု သံသယရှိရာသို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦး၊တိုင်းအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သိန်းကိုကို၊ မူးယစ်ခရိုင်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးအောင်၊ တိုင်း FDA ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေး၊ ဓာတုဗေဒဝန် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သန်းသန်းကြူနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်တို့သည် လာရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ၊ ခြံစိုက်ခင်းတာဝန်ခံ မန်နေဂျာ ရှိန်းလတ်အား ကွင်းစစ်ဆေးသည့်အဖွဲ့မှ စိုက်ပျိုးထားမှု အခြေအနေများ လိုက်လံပြသစေပြီး စစ်ဆေးရန် နမူနာအပင်များကို ယူဆောင်သွားကြောင်း သိရှိရသည်။ 


ဇော်မင်းနိုင်(မြင်းခြံ)