မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိ

မြို့သစ် အောက်တိုဘာ ၂၆

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်များ၏ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိပြီး ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၆၀) ပေ ရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၀ ဒသမ ၁) ပေခန့်၊ စွန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၂၀) ပေ ရှိသည့်အတွက်  ရေပြည့်အမှတ်ထက် (၀ ဒသမ ၂) ပေခန့် ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

 

ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန်၊  ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

 

ဝင်းအိဇွန် (ပြန်/ဆက်)