မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ် ၈ မြို့နယ်ရှိ ကျေးရွာများတွင် လူနေအိမ်များ လဲပြိုခြင်းနှင့် အမိုးလန်ပျက်စီးမှုများဖြစ်ပွား

မကွေး ၂၉  မေ 

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၈)မြို့နယ်ရှိ ကျေးရွာများတွင် မေ ၂၈ ရက်၊ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ လဲပြိုခြင်း၊ အမိုးလန်ပျက်စီးခြင်းနှင့် မီးတိုင်များ ကျိုးကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

 

17

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ် မကြီးကန်ကျေးရွာတွင် လူနေအိမ် နှစ်လုံးနှင့် ကျွန်းပြတ်ကျေးရွာတွင် လူနေအိမ်နှစ်လုံး အမိုးလန်ပျက်စီးခြင်း၊ အောင်ချမ်းသာတဲတိုက်တွင် လူနေအိမ်တစ်လုံးနှင့် စာသင်ကျောင်း နှစ်ကျောင်းရှိ ထန်းရွက်မိုး၊ ထရံကာ ဝန်ထမ်းနေအိမ်နှင့်စာသင်ဆောင် လဲပြိုခြင်း၊ သုံးပင်ပတ်လည် သွပ်မိုး၊ ထရံကာ လူနေအိမ်တစ်လုံးလဲပြိုခြင်း၊ ထရံကွာကျ နေအိမ်သုံးလုံးနှင့် နေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးခြင်း၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများမှ လူနေအိမ် ၁၀ လုံး ပြိုကျခြင်း၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ် လေလုံးအမိုးလန်ပျက်စီးပြီး ငွေဘုံသာရပ်တွင် မီးတိုင်နှစ်တိုင် ကျိုးကျခြင်း၊ ချောက်မြို့နယ်ရှိ ကျေးရွာများတွင် လူနေအိမ် ၁၅ လုံးအမိုးလန်ခြင်း၊ ဆေးပေးခန်းနှစ်လုံးအမိုးလန်ခြင်း၊ နွားတင်းကုတ်နှစ်လုံးနှင့် ဓမ္မာရုံအမိုးနှစ်ဖက်လုံး အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။

 

25

 

အလားတူ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ပေါင်းတူး(တောင်)ရွာမှ အမိုးလန် လူနေအိမ် ၅ လုံး၊ ရှမ်းရွာကုန်းကျေးရွာတို့တွင် ပြိုကျအိမ် သုံးလုံးနှင့် မီးတိုင်သုံးတိုင်တို့ ပျက်စီးဆုံးရှုံးခြင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်(၂၀)လုံး၊ ဘုန်ကြီးကျောင်း နှစ်ကျောင်း အမိုးလန်ပျက်စီးခြင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာများတွင် လူနေအိမ်လေးလုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့သည်။

 

27

 

ထို့အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောက်ကာကျေးရွာတွင် လူနေအိမ်သုံးလုံးနှင့် ဆရာမ နေအိမ်တစ်လုံး၊ တောင်ဘက်ကျေးရွာတွင် လူနေအိမ် သုံးလုံး၊ ဇီးတောကျေးရွာတွင် နေအိမ်သုံးလုံး၊ ကိုင်းလယ်ကျေးရွာတွင် လူနေအိမ် ၅ လုံးအမိုးလန်ပျက်စီးခြင်းနှင့် ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲကျေးရွာတွင် နေအိမ်တစ်လုံး ပြိုကျခဲ့ခြင်း၊ လူနေအိမ် (၂၂) လုံး အမိုးလန်ပျက်စီးခြင်း၊ ဂိုဒေါင်နှစ်လုံး ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

မိုးသက်လေပြင်း တိုက်ခတ်မှုဖြစ်ပွားရာနေရာများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကာ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပျက်စီးမှုအလိုက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဝေဖြိုးလေး(ပြန်/ဆက်)