မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၌သေဆုံးသူဦးရေ ၁၄၀ နီးပါးအထိ မြင့်တက်လာ

ပတ္တနာ(ဘီဟာ) ၁  အောက်တိုဘာ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဆေးရုံများ နှင့် စာသင်ကျောင်းများတွင် ညစ်ညမ်းသောရေများဖြင့် လွှမ်းမိုးခဲ့ပြီး သေဆုံးသူ ဦးရေလည်း ၁၃၉ ဦးအထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ လတ်တလော ရွာသွန်းလျက်ရှိသော မုတ်သုံမိုးသည် ၁၉၉၄ ခုနှစ်ကတည်းက အပြင်းထန်ဆုံးဖြစ်ပြီး သတ်မှတ်ထားသည့် ပုံမှန်အဆင့်ကို ကျော်လွန်သွားကာ ပုံမှန်ထက် ကြာရှည်သွားကြောင်း အိန္ဒိယမိုးလေဝသဌာန၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါမုတ်သုံမိုးကြောင့် လေးရက်တာအတွင်း အိန္ဒိယနိုင်ငံ ဥတ္တာပရာ ဒေ့ရှ်ပြည်နယ်တွင် လူ ၁၁၁ ဦး၊ အိမ်နီးချင်း ဘီဟာပြည်နယ်တွင် လူ ၂၈ ဦး အသက်ဆုံးရှုံးခဲ့သည်။

ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဘာလ်လီယာခရိုင်ရှိ အကျဉ်းထောင်တစ်ခုသည် ရေလွှမ်းမိုးခြင်းခံခဲ့ရပြီး အကျဉ်းသားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိသူများ အနေဖြင့် အဆိုပါ အကျဉ်းထောင်မှ အကျဉ်းသား ၉၀၀ ခန့်ကို အခြားနေရာသို့ ပြောင်းရွှေ့ပေးမည်ဖြစ်သည်။
လူဦးရေ နှစ်သန်းခန့်နေထိုင်ရာ ဘီဟာပြည်နယ်မြို့တော် ပတ္တနာမြို့ရှိ ပြည်သူများသည် ရေကြီးရေလျှံမှု ဒဏ်မှ လွတ်မြောက်နိုင်ရေးအတွက် အသက်ကယ်လှေများကို အသုံးပြုလျက်ရှိကြသည်။

သဘာ၀ဘေးစီမံ ခန့်ခွဲရေးဌာနမှ တာဝန်ရှိသူများသည် နွားနို့၊ ငှက်ပျောသီးများနှင့် ရေသန့်ဘူးများကို လေထိုးလှေများပေါ်တွင် ရေဘေးသင့်ပြည်သူများအား ဖြန့်ဝေပေးလျက်ရှိကြသည်။

မိုးရွာသွန်းမှု လျော့နည်းသွားသော်လည်း ပတ္တနာမြို့ရှိ နေရာအများအပြားတွင် ရေလွှမ်းမိုးနေဆဲဖြစ်သဖြင့် တချို့သော ဆိုင်များနှင့် စာသင်ကျောင်းများလည်း ပိတ်ထားဆဲဖြစ်သည်။

ပုံမှန်အားဖြင့် မုတ်သုံမိုးသည် အိန္ဒိယနိုင်ငံ၌ နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအထိ ကြာမြင့်လေ့ရှိသော်လည်း ယခုနှစ် မုတ်သုံမိုးသည် ပုံမှန် အဆင့်ထက်ကျော်လွန်ပြီး ဒေသအတွင်း ပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်ပွားစေခဲ့သည်။

ကိုးကား - အေအက်ဖ်ပီ


ဘာသာပြန် - ဂျေတီ